Wednesday, August 29, 2012

ကြယ်တွေက ..ဟိုးဝေးဝေးမှာ



ဦးလေးဖြစ်သူကနယ်မှအလုပ်တာဝန်ဖြင့်ကျွန်တော်တို့မြို့ကလေးကိုပြောင်းလာတော့
ဦးလေးနှင့်အတူဂစ်တာတစ်လက်ပါလာခဲ့လေသည်။ညဘက်ရောက်တော့ဦးလေးက
တေးသွားလေးတစ်ခုကိုစတီးလေတော့သည်။Crying In The Rain ဆိုတဲ့သီချင်းလေး။
ကျွန်တော်၏အမေကElvis Presleyကိုကြိုက်သလိုအဂ်လိပ်သီချင်းတွေပဲနားထောင်တတ်တာများ
သည်မို့ကျွန်တော်လည်းသီချင်းတော်တော်များများကိုရနေတော့သည်။ထိုCrying In The Rain သီချင်း
လေးကိုဦးလေးဖြစ်သူကခံစားမှုအပြည့်ဖြင့်ဆိုနေသောကြောင့်ထိုညလေးမှာပဲကျွန်တော်ဟာ
ဂီတရဲ့စီးမျောမှုကိုစတင်ထိရှခဲ့ရလေတော့သည်။နောက်ကျွန်တော်ကိုယ်တိုင်ဂစ်တာသမားဖြစ်လာတော့
ငယ်ဘ၀လေးကိုသတိရမိတိုင်းထိုCrying In The Rain သီချင်းလေးကိုသတိတရပြန်တီးဖြစ်
ခဲ့လေသည်။ထိုသီချင်းလေးကိုအဆိုတော်ကြီး(ဦး)စိုးပိုင်က..မောင်ငိုမယ်မိုးသည်းထဲမှာ..ဟု
ြုမန်မာမှုပြုပြန်ဆိုတော့လည်းအောင်မြင်ခဲ့လေသည်။တေးရေးဆရာကိုနေ၀င်းရဲ့စကားလုံးလေးတွေမို့
စာသားလေးတွေကနုညက်နေတော့သည်။
ဘ၀မှာမိုးစက်တွေထဲမှာထဲထဲဝင်ဝင်စဖြတ်သန်းခဲ့ရတာကတောအဖြူအစိမ်းဝတ်ကျောင်းသွားခဲ့ရတဲ့ရက်
စွဲတွေပါပဲ။။အရွယ်လေးနည်းနည်းရလာတော့မိုးရွာထဲမှာထီးမဆောင်းဘဲလမ်းလျှောက်ရတဲ့
ခံစားမှုလေးကိုခံစားဖြစ်လာတော့သည်။(မိုးမိပြီးဖျားလျှင်တော့အိမ်မှလူကြီးတွေရဲ့အဆူကို့ခံရတော့သည်။)
သူငယ်ချင်းတွေကြား၊ရပ်ကွက်စတိတ်ခ်ျရှိုးတွေ၊ကျောင်းပွဲတွေမှာကျွန်တော်ဂစ်တာတီးဖြစ်ခဲ့၊တီးဖူးခဲ့
သော်လည်းကျွန်တော်တီးချင်တဲ့ခံစားမှုလေးတစ်ခုကိုတော့ကျွန်တော့်ဘ၀မှာအခုထိတီးခွင့်မရခဲ့သေး။


ကြယ်တွေက..ဟိုးဟိုးဝေးဝေးမှာ

ငါတီးနေတဲ့
ဂစ်တာကြိုးလေးတစ်ချောင်းပြတ်သွားတိုင်း
ငါ့ရင်ထဲမှာနာကျင်အက်ကွဲခဲ့ရတယ်
ပြတင်းမှာငှက်ကလေးမရှိသလို
ငါ့သီချင်းလေးတွေအနားမှာလဲ
မင်းကမရှိခဲ့ဖူး
မိုးသံတွေအောက်မှာ
ဂစ်တာသံလေးတွေလွတ်ကျသွားခဲ့ရတယ်
သီချင်းလေးတွေက
မင်းကိုလွမ်းဆွတ်နေကြတယ်
ငါတို့အတူဆိုချင်တဲ့သီချင်းလေးက
စွယ်တော်ရွက်လေးတစ်ရွက်လို
ဘ၀တစ်ခုပါပဲ ..
ဘုရားသခင်ရဲ့အလိုတော်အရ
အချစ်ဆိုတဲ့မီးလျှံလေးက
လူသားတစ်ယောက်ရဲ့ရင်ထဲကို
တစ်သက်မှာတစ်ခါ
တစ်ပင်မှာတစ်ပွင့်တည်း
ရနံ့လေးတွေဝေမျှစေခဲ့ပါတယ်
လမ်းဆုံလေးတစ်ခုလိုပဲ
ငါတို့ဟာ ..ဘ၀ထဲမှာ
နှုတ်ဆက်ပြီးရင်းနှုတ်ဆက်နေလိုက်ရတာ
အရာရာဟာအလင်းရောင်တွေပျောက်ဆုံးနေရသလိုမျိုး
ခဏခဏနာကျင်လွမ်းဆွတ်ရလွန်းလို့
ရင်ဘတ်လေးဟာသနားစရာကောင်းခဲ့တော့တယ်
တကယ်ဆို ..
ဂစ်တာတီးနေတဲ့ငါ့နံဘေးမှာ
မင်းက ..ပခုံးလေးမှီနွဲ့
တိမ်တွေကိုအတူငေး
လေပြည်လေးထဲမှာရယ်သံလွင်လွင်လေးတွေဆော့ကစားရင်း
သီချင်းလေးတစ်ပုဒ်ကို
အချစ်ချိုချိုလေးတွေနဲ့
လှစေချင်ခဲ့တာ..
ဒါပေမယ့် ..
ဘုရားသခင်ရဲ့အလိုတော်အရ
ငါ့ဂစ်တာသံလေးဟာ
မင်းမရှိတဲ့နေ့ညတွေကို
ဖြတ်သန်းခဲ့ရတော့တယ် ..။

         ×××









No comments:

Post a Comment